Sunday, August 18, 2013

ပွင့်လင်းသည့်ဇာတ်ဝင်ခန်းအချို့ ထည့်သွင်းရိုက်ကူးထားသော ဂျက်မ ဒီဗီဒီဇာတ်ကားကို ရုံတင်မည်


Photo
ရန်ကုန်၊ ဇွန်- ၁၁
ဒါရိုက်တာ သီဟကျော်စိုးကပထမ ဆုံးလက်ရာအဖြစ် ၁၉၈၅ ခုနှစ်က  “ဂျက်မ” ရုပ်ရှင်ကားကို ကျော်ဟိန်း၊ ခင်သန်းနု၊ မေ၀င်းမောင်တို့ဖြင့် ရိုက်ကူးခဲ့ပြီး  ယခု ၂၀၁၁ ခုနှစ်၌ ယင်းဒါရိုက်တာကပင် ပြန်လည်ဆန်းသစ်ရိုက်ကူးထားသော ဂျက်မဇာတ်ကားတွင်  ပွင့်လင်းသည့် ဇာတ်ဝင်ခန်းအချို့ ထည့်သွင်းရိုက်ကူးထားသည် ကို တွေ့ရသည်။
    “ဂျက်မ” ဇာတ်ကားသည် ဆွေလှိုင်ဦး၏ နာမည်ကြီးဝတ္ထုတစ်ပုဒ်ဖြစ်ပြီး ဒါရိုက်တာသီဟ ကျော်စိုး ရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်းခဲ့စဉ်ကလည်း ထိပ် တန်းရောက်ခဲ့သည့်ရုပ်ရှင်ကား ဖြစ်သည်။ ယခုခေတ်သစ်ဂျက်မတွင် နေမင်း၊ အေးမြတ်သူ၊နိုဘယ် ကျော်ကျော်တို့ ပါဝင်ထားပြီး ဂျက်မအဖြစ် အေးမြတ်သူက သရုပ်ဆောင်ထားသည်။
    ပြည်သူ့ရဲတပ်ဖွဲ့ကို ဒုစရိုက် လုပ်ငန်းလုပ်ကိုင်သည့် ဂိုဏ်းခေါင်းဆောင်များ၏ လှုပ်ရှားမှု များအား အဆက်မပြတ် သတင်းပေးနေသူ ပြည်သူ့တာဝန်သိ သည့် ဂျက်မအဖြစ် အေးမြတ်သူက သရုပ်ဆောင်ထားပြီး သူမ၏ ကိုယ်ခန္ဓာ အလှအပနှင့် အက်ရှင် သရုပ် ဆောင်ချက်များကို ယခု ဇာတ်ကားတွင်မြင်တွေ့ကြရမည် ဖြစ်သည်။    ပြန်လည်ဆန်းသစ်သော ဂျက်မဇာတ်ကားတွင် ရေအောက်ဇာတ်ဝင်ခန်းသုံးခန်းနှင့် မိကျောင်းသတ်သည့်ဇာတ်ဝင်ခန်းများ ပါဝင် ပြီးနေမင်းနှင့်အေးမြတ် သူတို့၏ ရေအောက်ကမ္ဘာမှ Love Scene များမှာ အထူးပွဲလာရောက်ကြည့် ရှုသည့်ပရိသတ်များကို အံ့အားသင့်စေခဲ့သည်။ ယင်းအပြင် ဒုစရိုက်ဂိုဏ်းခေါင်းဆောင် အဖြစ် သရုပ်ဆောင်ထားသည့် အကယ် ဒမီထွန်းထွန်းဝင်းအိမ်မှ ပါတီပွဲ မြင်ကွင်းကလည်း မြန်မာပရိသတ် များအတွက် မြင်ကွင်းဆန်းသစ်စေခဲ့သည်။
    “ကျွန်တော်က ဘယ်တော့မဆို ဇာတ်လမ်းတင်တိုင်း အစီရင် ခံစာတင်တယ်။ အစီရင်ခံစာထဲ မှာ လမ်းညွှန်ချက်နဲ့အညီ တိတိကျကျရိုက်ကူးမယ်လို့ရေးပါ တယ်။ဒီဘက်ခေတ်မှာကျတော့ အရင်ကားလိုတော့  ရိုက်လို့မရဘူး။  တိုင်း ပြည်ကလည်း တိုးတက်နေပြီ။ ဆင်ဆာတွေကလည်း လွတ်နေပြီဆိုတော့တချို့ဟာလေး တွေကို ဒီခေတ်ပုံစံနဲ့ညီအောင် ရိုက်ထားတယ်။ မင်းသားမင်းသမီးကို ဒီအခန်းမှာ ဒီလိုဝတ်ရမယ်။ မရှိရင်ချုပ်ပေးတယ်။ အစတည်းက သဘောမတူရင် မရိုက်ဘူး။ သဘောတူမှသာ ရိုက်ပါတယ်”ဟု ဒါရိုက်တာ သီဟကျော်စိုးက ဂျက်မဇာတ်ကား၏ ဇာတ်ဝင်ခန်းအချို့နှင့် ပတ်သက်ပြီးပြောသည်။
    ဂျက်မကို သြဂုတ်လ ၁၉ ရက်တွင်  ရန်ကုန်မြို့ရှိ  ဒီဗီဒီရုံများ၌ ပြသမည်ဖြစ်ပြီး  ရက်အပြောင်းအလဲရှိနိုင်ကြောင်း သိရသည်။  အေးမြတ်သူ၏ အက်ရှင် အသားပေးအလှဓာတ်ပုံများပါ ၀င်သော “ဂျက်မ” ဇာတ်ကားပိုစတာများကလည်း  ပရိသတ်စိတ်ဝင်စားမှုရရှိနိုင်မည်ကို တွေ့ရသည်။

No comments:

Post a Comment